Thursday, 19 April 2012

ဦးသိန်းစိန် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်



Print Friendly  
TIME မဂ္ဂဇင်း အွန်လိုင်းက စီစဉ်သည့် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ရာတွင် မြန်မာ နိုင်ငံက သမ္မတ ဦးသိန်းစိန်သည် အမှတ်စဉ် ၆၇တွင် ရွေးချယ်ဖော်ပြခံရသည်။
TIME မဂ္ဂဇင်း အွန်လိုင်းတွင် ရွေးချယ်ဖော်ပြထားသော ဦးသိန်းစိန် ပုံတူ ပန်းချီ (ဓာတ်ပုံ - TIME)
သြဇာအရှိဆုံး အဖြစ် TIME မဂ္ဂဇင်း အယ်ဒီတာများ၏ ရွေးချယ်ခံရသူမှာ အာရှသွေး အမေရိကန်နိုင်ငံသား ဘတ်စကက်ဘော အားကစားသမား Jeremy Lin ဖြစ်ပြီး အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားက အမှတ်စဉ် ၆၁ တွင်လည်းကောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က အမှတ်စဉ် ၈၈ တွင်လည်းကောင်း ရွေးချယ်ထားသည်ကိုလည်း တွေ့ရသည်။
TIME မဂ္ဂဇင်း အယ်ဒီတာများက နှစ်စဉ် ကမ္ဘာပေါ်ရှိ သြဇာကြီးသူ ပုဂ္ဂိုလ် ၁၀၀ ကိုရွေးချယ်လေ့ရှိသည်။
မဂ္ဂဇင်း အင်တာနက်စာမျက်နှာတွင်လည်း စာဖတ်ပရိသတ်များ ဆန္ဒသဘောထား ပေးနိုင်သည့် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ရွေးချယ်မှု စစ်တမ်း တခုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ခဲ့ရသည်။
စာရင်းပိတ် ဆန္ဒမဲစာရင်းအရ ဦးသိန်းစိန်သည် ပရိသတ်၏ ထောက်ခံမဲ ၁၁၆၃၀ နှင့် ကန့်ကွက် မဲ ၄၈၉၀ ရရှိသည်။
ဦးသိန်းစိန်နှင့်ပတ်သက်၍လည်း တချိန်က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်၏ မြေးဖြစ်သည့် သမိုင်းပညာရှင် စာရေးဆရာ ဒေါက်တာ သန့်မြင့်ဦးက ရေးသားထားသည်ကို TIME မဂ္ဂဇင်း အင်တာနက် စာမျက် နှာတွင် ဖော်ပြထားသည်။
ဦးသိန်းစိန်သည် သမ္မတ ရာထူးလက်ခံရရှိပြီး ၁ နှစ်ကျော်အကြာတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေရာ အခြား နိုင်ငံများနှင့် မတူ၊ တကယ့်ပြုပြင်ပြောင်းလဲရေး ဗိသုကာအဖြစ် ရေးသားထားသည်။
ထို့အပြင် ဦးသိန်းစိန်သည် စစ်ဗိုလ်ချုပ်ဟောင်းများ၊ ထိပ်တန်းစီးပွားရေးသမားများ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနှင့် အခြားပါတီများ၊ တက်ကြွသည့် လူလတ်ပိုင်းများ၏ လူမှုအဖွဲ့အစည်းများနှင့်လည်း ဟန်ချက်ညီ ဆက်ဆံရေး အလွန်ပြေပြစ်သည့်အတွက် အံ့သြဖွယ်ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။
အသက် ၆၇ နှစ်ရှိ ဦးသိန်းစိန်သည် ဒီမိုကရက်တစ် အစိုးရအဖြစ်ဆီသို့ ဦးတည်၍ ပြုပြင်ပြောင်းလဲရေးများကို အားစိုက် လုပ် နေကြောင်း၊ ကမ္ဘာပေါ်တွင် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ခံနေရပြီး တိုင်းပြည် စီးပွားရေးနောက်ကျ ကျန်နေခဲ့သည့် လူဦးရေ ၅၅ သန်းကျော်ရှိသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများနှင့်လည်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ရေးသား ဖော်ပြ ထားသည်။
ပရိသတ် ဆန္ဒမဲပေးစဉ်ကာလကလည်း နေပြည်တော် သမ္မတရုံးမှ တာဝန်ရှိသူများက မြန်မာမျိုးချစ်များအနေဖြင့်အဆိုတော် လေဒီ ဂါဂါ ထက် သမ္မတ ဦးသိန်းစိန်ကို မဲပေး ရွေးချယ်သင့်ကြောင်း အင်တာနက် လူမှု စာမျက်နှာများတွင် တိုက်တွန်းခဲ့သည်။
ဦးသိန်းစိန်သည် ယခင် စစ်အစိုးရလက်ထက်၂၀၀၅ ခုနှစ်က ဗိုလ်ချုပ်ကြီးရာထူးကို တိုးမြှင့်ခံရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)၏ ခေါင်းဆောင်များထဲက တဦးလည်းဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ် လွန်ပြီးနောက် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၀ ပြည့်နှစ် ဧပြီလဆန်းပိုင်းက စစ်တပ်မှ အနားယူလိုက်ပြီး နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကြံ့ခိုင်ရေး ပါတီအား ကိုယ်စားပြုကာ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရာ အနိုင်ရခဲ့ သည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံ၏ ၈ ဦးမြောက် သမ္မတ ဖြစ် လာသည်။
TIME မဂ္ဂဇင်း၏ သြဇာ အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သူ Jeremy Lin သည် ပရိသတ် ထောက်ခံမဲ ၈၉၆၉၁၊ ကန့်ကွက်မဲ ၉၅၇၀၊ အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ထောက်ခံမဲ ၂၅၃၇၃၊ ကန့်ကွက်မဲ ၂၃၇၈၃၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က ထောက်ခံမဲ ၁၈၀၉၃၊ ကန့်ကွက်မဲ ၁၄၇၅၇ စသဖြင့် အသီးသီး ရရှိကြသည်။
အခြား ကျော်ကြားသူများဖြစ်သည့် လေဒီ ဂါဂါ သည် ပရိသတ်ထောက်ခံမဲ ၃၂၃၉၃၊ ကန့်ကွက်မဲ ၁၉၉၄၆၊ တရုတ် နိုင်ငံမှ အိုင်ဝေေ၀ သည် ပရိသတ် ထောက်ခံမဲ ၂၀၃၉၃၊ ကန့်ကွက်မဲ ၈၇၈၀ နှင့် ဘီယွန်းဆေး သည် ပရိသတ် ထောက်ခံမဲ ၁၉၀၀၈၊ ကန့်ကွက်မဲ ၂၃၂၄၅ တို့ ရရှိကြောင်း TIME မဂ္ဂဇင်း အွန်လိုင်းတွင် ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း အဆိုပါ သြဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ အတွက် ပဏာမ စာရင်း၌ ပရိသတ် ထောက်ခံ မဲ ၄၅၆၈၈ ၊ ကန့်ကွက်မဲ ၂၆၂၅ ရရှိသော်လည်း TIME မဂ္ဂဇင်း အယ်ဒီတာများက ရွေးချယ်ဖော်ပြသော နောက်ဆုံး ဆန်ခါတင် ပုဂ္ဂိုလ် ၁၀၀ တွင် ပါဝင်သည်ကို မတွေ့ရှိရပေ။

Read more!

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ် eBay မှာ ၀ယ်နိုင်ပြီ





  
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖန်တီးပြီး လက်မှတ်ရေးထိုးထားတဲ့ Greeting Card ကလေး တခုပါ။
  ပန်းရောင် ပန်းပွင့်လေးများ (Pink Flowers ) တွေဟာ ကျမရဲ့ ပန်းတွေထဲက အစိပ်အပိုင်း တခုဖြစ်ပါသတဲ့။
  ဒေါ်အောင်ဆန်းစုကြည်ဟာ ပန်းချစ်သူ ပီပီ ပန်းကလေးများကို ကတ်ပြားမှာ ကိုယ်တိုင် ပုံဖော်ထားပြီး
လက်မှတ် ထိုးထားပါတယ်။

ဗြိတိန်အခြေစိုက် Burma Campaign UK ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အကူအညီပေးရေး လုပ်ဆောင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ မြှင့်တင်ရေး အစိတ်အပိုင်း တခု အဖြစ် အခုလို လေလံတင် ရောင်းချနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

eBay မှာ လေလံ တင်ထားရာမှာ အခု လက်ရှိပေးထားတဲ့ ဈေးကတော့ စတာလင်ပေါင် ၅၁၀ ဖြစ်ကြောင်း သိရပါတယ်။

Read more!

ထိုင်း အောက်လွှတ်တော်မှာ အပြာပုံပြ




  (ဓာတ်ပုံ - ဘန်ကောက်ပို့စ် / အွန်လိုင်း)
အိပ်ငိုက်၊ မျက်လုံးစင်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မျက်လုံးကျယ်သွားနိုင်ပါတယ်။ အမတ်မင်း တယောက် လွှတ်တော်ထဲ မိန့်ခွန်းချွေနေတုန်း လွှတ်တော်ဥက္ကဋ္ဌဘေးက ပိတ်ကားမှာ အမျိုးသမီးတယောက်ပုံ ပေါ်လာပါတယ်။
အာရှသူ ခပ်ငယ်ငယ် အမျိုးသမီး အင်္ကျီဖြူကို သပ်သပ်ယပ်ယပ် ၀တ်ထားတယ်။ ဒါပေမယ့် အောက်ပိုင်းဗလာ လို့ ဆိုတယ်။
အမတ်မင်းတွေ မျက်လုံးပြူးသွားနိုင်တာပေါ့။

အဲဒီပုံက သုံးကြိမ်တိတိ ပေါ်တယ်လို့ ဆိုတယ်။ တကြိမ်ကို ၅ စက္ကန့်လောက် ကြာမယ် တဲ့။ နေ့ခင်း ၃ နာရီ ပျင်းစရာကောင်းတဲ့ လွှတ်တော်ဆွေးနွေးခန်းအလယ်တည့်တည့်မှာ ပေါ်လာတာပါ တဲ့။ သင့်တော်တဲ့အချိန်ပေါ့။
လွှတ်တော်ဝန်းကျင်မှာ ကြိုးမဲ့အင်တာနက်ကွန်ရက် ရှိတယ်၊ မနေ့က လွှတ်တော်ထဲ အလည်လာသူ တယောက်ယောက်က ဒီကွန်ရက်ထဲ ၀င်ပြီး လက်ဆော့သွားပုံရတယ်လို့
အောက်လွှတ်တော် ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်က ရှင်းပါတယ်။

သူက အောက်လွှတ်တော်အဆောက်အအုံရဲ့ ရုပ်သံစနစ် စောင့်ကြည့်ရသူပါ။ သူ့တပည့်တွေလက်ချက်တော့ မဟုတ်ကြောင်း သူက ငြင်းပါသတဲ့။

သြော် ... ဒီလိုဖြစ်ရပ်မျိုး ရှိသကိုး။

  ဒါက ဘန်ကောက်ပို့စ် သတင်းစာ မျက်နှာဖုံးမှာ ရေးထားတာပါ။

The Nation မှာလည်း အမတ်မင်းများ မျက်လုံးကျယ်စေနိုင်တဲ့ ဒီသတင်း ပါပါတယ်။

the intrusion may have come from the outside and that Parliament still didn't have a security system in place to prevent this kind of attack.
ဆိုပြီး အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောတယ် တဲ့။ ဘာသာပြန်ရရင် - (လွှတ်တော်အဆောက်အအုံ) အပြင်ဘက်က လုပ်လိုက်ပုံ ရပါတယ်၊ လွှတ်တော်မှာတော့
ဒီလို တိုက်ခိုက်မှုမျိုးကို ကာကွယ်နိုင်ငံ လုံခြု့ရေးအစီအစဉ် မရှိသေးပါဘူး တဲ့။

Read more!