Sunday, 22 April 2012

ပန်းပေးတာကျေနပ်မှာလား။ ဦးထုပ်ဆောင်းပေးတာကျေနပ်မှာလား..


ပန်းပေးတာ ကျေနပ်မှာလား၊ ဦးထုပ်ဆောင်းပေးတာ ကျေနပ်မှာလား.. ဒီနေ့ သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ Tokyo Electric Power Co's (TEPCO)ကို သွားရောက်လေ့လာစဉ်မှာ ဂျပန် အမျိုးသမီးဝန်ထမ်း တဦးက ဦးထုပ်ဆောင်းပေးနေတာ မြင်မိတော့ တရုတ်က ဆောက်လုပ်ပေးပြီး ၂၀၁၁ဇန္နဝါရီလ ၂၁ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်း ဖွင့်ပွဲမှာ သမ္မတကြီးကို ပန်းပွင့်လေးတပ်ဆင် ပေးတဲ့ တိုင်းရင်းသူ တဦးရဲ့ ပုံကို သွားမြင်ယောင်မိတယ်...။ တလောကတော့ နိုင်ငံရေး မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖြစ်ခဲ့တုန်းက ဂျပန်ကုမ္ပဏီတွေ မြန်မာပြည်ကို ပြန်လည် ဝင်ရောက်မယ့်အကြောင်းအရာ တခုမှာ ကျွန်တော်အမြင်လေး ပြောပြခဲ့မိတယ်..။ ကွန်မြူနစ်စံနစ် တရုတ်နဲ့ ဒီမိုကရေစီ ဂျပန်ပေါ့။ ကျွန်တော်မြင်မိတာကတော့ ကမ္ဘာက ပစ်ပယ်ထားတဲ့ ဆင်းရဲတဲ့ အာဏာရှင် နိုင်ငံတွေမှာ ရသမျှ ဖြစ်ညှစ်ယူပြီး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တရုတ်ထက်စာရင် နည်းပညာတိုးတက်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံတွေက ရင်းနှီးမြုပ်နှံတာကို ပိုပြီးထောက်ခံသင့်တယ်လို့ ပြောခဲ့မိပါတယ်..။ ယခုလောလောဆယ်မှာပဲ ဂျပန်နိုင်ငံက မြန်မာပြည်မှ ပေးဆပ်ရန်ရှိတဲ့ အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပါပြီ။ ဒီနေ့လည်း သမ္မတနဲ့အဖွဲ့ ဂျပန်က လျှပ်စစ်စီမံကိန်းတွေ သွားရောက် လေ့လာတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာပါ။ ပန်းဆိုတာ သဘာဝအတိုင်း ကြာလေ လန်းဆန်းလေ ဆိုတာမရှိပါဘူး..။ ထို့အတူ တရုတ်ပစ္စည်းတွေလဲ ကြာလေ ဆိုးလေပေါ့..။ တရုတ်ကဆောက်လုပ်ပေးပြီး ၃နှစ်အတွင်း စက်ပစ္စည်းတွေလဲရ၊ ရေတားတမံတွေ ပျက်ဆီးနေရတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းနဲ့ နှစ်(၆၀)ရှိပြီ ဖြစ်တဲ့ လောပိတရေအားလျှပ်စစ် နှိုင်းယှဉ်ကြည့်ပါ။ ဒီဓာတ်ပုံထဲက ဖိုင်ဘာဦးထုပ်နဲ့ ပန်းလို ကွာပါတယ်..။ ဂျပန်ပစ္စည်းနဲ့ တရုတ်ပစ္စည်း ဘယ်ဟာကြိုက်မကြိုက် ကျွန်တော်တို့ ပြည်သူတွေ စစ်တမ်းကောက်စရာမလိုပါ..။ ဒီတော့ သမ္မတကြီး အနေနဲ့ ပန်းပြပြီး အဆီကိုစား အသားကိုမျို ရသမျှယူနေတဲ့ တရုတ်စီမံကိန်းတွေကို ဒီဘဝဒီမျှသာနဲ့ ရပ်တန်းက ရပ်သင့်ပါပြီ။ ပုံ(၂)ပုံကို နှိုင်းယှဉ် ကြည့်ရသလို တရုတ်ရဲ့ အဆင်းသာရှိတဲ့ တခဏတာ ပန်းကို ယူမလား၊ ပြည်သူ့အကျိုးအတွက် နှစ်ရှည် ခံမယ့် ဦးထုပ်ကိုသာ ဆောင်းမလားဆိုတာ သက်သေပြရပါတော့မယ်..။ ထို့အတူ သမ္မတကြီးအနေနဲ့ သမိုင်းတကွေ့မှာ မှတ်ကျောက်အတင်ခံဖို့ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူ့ပါတီနဲ့ ပူးပေါင်း လက်တွဲပါဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါတယ်..။ ဒီမိုဝေယံ ဓာတ်ပုံ ဒီမိုဝေယံ၊ Getty Images (မှတ်ချက်... ပုံထဲမှ ဦးထုပ်နှင့် ပန်းအား ရည်ရွယ်၍ ဝင်လာသည့်အတွေးအား ရေးသားချင်း ဖြစ်ပါသည်။ ဘယ်နိုင်ငံက ဘာပဲဆောက်ဆောက် ဧရာဝတီမြစ်ဆုံနဲ့ သဘာဝဝန်းကျင်များ ပျက်ဆီးမည် ဆိုပါက ကန့်ကွက်ပါမည်) တရုတ်ကဆောက်တဲ့ ၃နှစ်အတွင်း ပြင်ဆင်နေရတဲ့ ရွှေလီရေကာတာ ပြန်ဖတ်ချင်ရင်http://www.demowaiyan.org/2012/04/blog-post_06.html မြစ်ဆုံဆည်ကို ၂၀၁၁ ဇန္နဝါရီလက သွားရောက်လေ့လာခဲ့တဲ့ သမ္မတဦးသိန်းစိန်သတင်း ပြန်ဖတ်ချင်ရင်http://www.demowaiyan.org/2011/10/blog-post_22.html

No comments:

Post a Comment