နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံတွင် ကိုယ်တိုင်ကိုယ်ကျ ပထမဆုံး မိန့်ခွန်း ပြောကြား (ဓာတ်ပုံ - Reuters)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော အခြား နိုင်ငံတကာ ခေါင်းဆောင်များ၊ ပညာရှင်များ၊ သံတမန်များ၊ အခြား ဧည့်သည်တော်များထက် သတင်း မီဒီယာများ၏ စိတ်ဝင်စားမှုကို အများဆုံး ဖမ်းစားထားသည့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ အပြောင်းအလဲနှင့်ပတ်သက်၍ သတိနှင့် ရှု့မြင်ကြရန်နှင့် အပြောင်းအလဲ ပိုမို အားကောင်းလာစေရေး လက်ရှိ လိုအပ်နေမှုများကို နိုင်ငံတကာက လက်တွေ့ ကျကျ ၀ိုင်းဝန်း ကူညီပေးကြရန် ပြောကြားလိုက်သည်။
“ကျမတို့ အောင်မြင်မှုဟာ ပြန်မလှည့်တော့မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပေါ့။ ဒါက နိုင်ငံလုံးဆိုင်ရာ သန္နိဌာန်ပေါ် မူတည်ပါမယ်။ ဒီအတွက် ကျမတို့တိုင်းပြည်ရဲ့ အခြေအနေ တိုးတက်စေချင်သူများ အားလုံးမှာ သန္နိဌာန်ရှိဖို့လည်း လိုပါတယ်” ဟု ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားလိုက်သည်။
ယနေ့နံနက် ပြောကြားလိုက်သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပြည်ပ နိုင်ငံတွင် ပြောကြားသည့် ပထမဆုံး မိန့်ခွန်းလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်များ ဝိုင်းနေရုံမက စားပွဲဝိုင်း ဆွေးနွေးမှုများတွင်လည်း တက်ရောက်လာသူများက လက်ကိုင်ဖုန်းများ၊ ကင်မရာများဖြင့် အဆက်မပြတ် အမှတ်တရ မှတ်တမ်းတင်မှုများလည်း ပြုလုပ်ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီသတင်းထောက်က တပ်မတော်၏ အနေအထားအပေါ် မေးမြန်းရာ မြန်မာ့ အပြောင်းအလဲသည် တပ်မတော်၏သန္နိဌာန် အပေါ် မူတည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသည်။
“အပြောင်းအလဲအတွက် ပါလီမန်ထဲမှာ ၇၅ ရာခိုင်နှုန်းထက်ပိုပြီး ကျမတို့ လိုအပ်တယ်။ ပါလီမန်ထဲက ၂၅ ရာခိုင်နှုန်း က တပ်မတော်ကိုယ်စားလှယ်တွေဖြစ်နေတယ်။ အနည်းဆုံး တပ်မတော်သား ကိုယ်စားလှယ် တဦးချင်းစီက လည်း ကျန်တဲ့ ၇၅ ရာခိုင်နှုန်းလိုပဲ အပြောင်းအလဲအတွက် မဲထည့်ဖို့ လိုအပ်နေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
မြန်မာ့လူ့အဖွဲ့အစည်း၏ ကဏ္ဍတိုင်းတွင် ပြုပြင်ပြောင်းလဲရေးအပေါ် တပ်မတော်အနေဖြင့် အမျိုးသားရေး သန္တိဌာန်ချ မှု အရေးကြီးကြောင်း၊ တပ်မတော်၏ အခန်းကဏ္ဍသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလွန်အရေးကြီး သည့်အတွက် အထောက်အပံ့ ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူများနှင့်ပတ်သက်၍လည်း အခွင့်ထူးခံ စီးပွားရေး၊ အဂတိ လိုက်စားမှုနှင့် မညီမျှမှုများကို ပိုမိုကြီးထွားသွားရန် အားပေးသည့် ရင်းနှီးမြှုပ်နှံမှု မဖြစ်စေရေး ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြား သွားသည်။
ပြုပြင်ပြောင်းလဲမှု သန္ဒေတည်စပြုနေသည့် မြန်မာနိုင်ငံတွင် နယ်ပယ်စုံ၊ ကဏ္ဍစုံအတွက် နိုင်ငံခြားကုမ္ပဏီများ အနေ ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ကျွမ်းကျင်မှု သင်တန်းများ ဖန်တီးပေးရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ လူငယ်နှုန်းထား အလွန်မြင့်နေပြီး ချိန်ကိုက်ဗုံးနှင့် အလားတူကြောင်းဟုလည်း ဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ယုံကြည်စိတ်ချရသည့် လွတ်လပ် သန့်ရှင်းသော တရားရေးစနစ်ရှိရန် လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “ဥပဒေကောင်းကောင်း မြန်မာပြည်မှာ ရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းပြီး လွတ်လပ်တဲ့ တရားရေးစနစ် မရှိဘူး။ ဒီလိုစနစ် မရှိရင် ဥပဒေက ကမ္ဘာပေါ် အကောင်းဆုံးဖြစ်လည်း အလကားပဲ” ဟု ပြောဆိုသည်။
မြန်မာ့ ပညာရေးအဆင့်အတန်းသည် အလွန်အားနည်းနေပြီး အလွတ်သင် ပညာရေးနှင့် သက်မွေးဝမ်းကျောင်း ပညာ ရေး၊ မူလတန်း ပညာရေးမှသည် အဆင့်မြင့်ပညာရေးအထိ ပညာရေး စနစ်တခုလုံး ပြုပြင်ပြောင်းလဲရန် လိုအပ်ချက် များ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများအနေဖြင့် စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် လိင်ခွဲခြားမှုနှင့်ပတ်သက်၍ မသိသာသော်လည်း နိုင်ငံရေး နယ်ပယ်တွင် အလွန်သိသာကြောင်း၊ ယခုနှစ် ဧပြီလဆန်းကကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် အမျိုးသမီး လွှတ်တော်အမတ်ဦးရေ ၂ ဆ ဖြစ်လာပြီး စုစုပေါင်း ၃၀ ခန့်သာဖြစ်နေသေးသည့်အတွက် လုံလောက်မှု မရှိကြောင်း ထောက်ပြပြောဆိုသွားသည်။
ထို့အပြင် ကျား၊ မ လိင်ခွဲခြားမှုဆိုသည့် ကျဉ်းမြောင်းသည့် အမြင်များ မရှိသင့်ကြောင်း စီးပွားရေး ဖွံဖြိုးမှုသည် လည်း ကျား၊ မ လိင်ခွဲခြားမှုကို အားမပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ကလည်း ထိုင်း ၀န်ကြီးချုပ်၊ ဒုတိယ ၀န်ကြီးချုပ် တို့နှင့် အသီးသီး တွေ့ဆုံရာတွင် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
အထူးသဖြင့် ယာယီ နိုင်ငံကူးလက်မှတ်၊ အလုပ်သမားလက်မှတ်၊ လုပ် ခလစာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်ရှင်က အလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်းများ သိမ်း ဆည်းထားမှု စသည့် အရေးကိစ္စများ ထိုင်းနိုင်ငံ တာဝန်ရှိသူများအနေဖြင့် ပိုမို ကူညီပေးရေး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ဆွေးနွေးခဲ့သည်။
အထောက်အထားမရှိသေးသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကိစ္စကိုလည်း ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားများအရေးလှုပ်ရှားသူများနှင့်လည်း တိုင်ပင်ကာ ကြိုးပမ်း ပေးသွားမည်ဟု ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ၊ မြန်မာဒုက္ခသည်များအရေးနှင့်ပတ်သက်၍လည်း ထိုင်းနိုင်ငံ၏ အကူအညီပေးမှုကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူး တင်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်နှင့် ဒု -၀န်ကြီးချုပ်တို့နှင့်တွေ့ဆုံရာတွင် ပြော ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအလုပ်သမားများ အများစု အလုပ်လုပ်ကိုင်နေသော ဘန်ကောက်မြို့အနီးက မဟာချိုင်သို့ သွားရောက်ကာ မြန်မာအလုပ်သမားများအား အားပေးစကားပြောကြားခြင်းနှင့် အလုပ်သမား လက်မှတ် ထုတ်ပေးသည့်ရုံးတွင်လည်း လက်မှတ်များ ထုတ်ပေးခြင်းနှင့် ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း ကိစ္စများကို လည်း လေ့လာခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတခုဖြစ်သည့် မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်ရန် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
No comments:
Post a Comment