မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မဲဆောက် မယ်တော်ဆေးခန်းကိုလေ့လာ
jun, 27 ..2012
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ဒီကနေ့ မနက် (၆)နာရီကျော်က သွားရောက်ပြီး ဒေါက်တာစင်သီယာမောင်နဲ့တွေ့ဆုံကာ ဆေးခန်းက လူနာတွေကို လိုက်လံကြည့်ရှုပြီး အကူငွေပေးအပ်ခဲ့ပါတယ်။
သားဖွားဌာန၊ မျက်စိဌာနနဲ့ လူနာဆောင် တွေကို လှည့်လည်ကြည့်ရှုခဲ့ရာမှာ ၀န်ကြီး ဦးခင်ရီက ဖျားနာဆောင်ကလူနာတွေကို ငွေကြေးအကူပေးခဲ့သလို ၀န်ကြီးဦးအောင်မင်းက မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်ကို ဆေးခန်း အတွက် ထိုင်းဘတ်ငွေ တစ်သိန်းခွဲ လှူဒါန်းခဲ့ပါတယ်။
မယ်တော်ဆေးခန်းတည်ထောင်ခဲ့တဲ့ နှစ်ပေါင်း (၂၃)နှစ်အတွင်း
မြန်မာအစိုးရ တာဝန်ရှိ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အခုလို ဆေးခန်းကို လာရောက်ကြည့်ရှုတဲ့အတွက် နယ်စပ်ဖြတ် ကျော်ပြီး ဆေးကုနေရတဲ့
မြန်မာပြည်သား လူနာတွေနဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေသာမက စခန်းအပြင်က ဒုက္ခသည်တွေရဲ့ အခြေအနေတွေကိုပါ ပိုမိုသိရှိသွားတယ်
လို့ ဒေါက်တာ စင်သီယာ မောင်က ပြောပါတယ်။
“ကျမတို့နဲ့ ဒီမှာတွေ့ရှိသွားတဲ့အခါကြတော့ မြန်မာပြည်သား လူနာတွေနဲ့
ပတ်သက်ပြီးတော့ ဒါ အစိုးရတွေရဲ့ တာဝန်ရှိမှုတွေကိုပေါ့နော်။ ပိုပြီးတော့သိရှိသွားတဲ့အခါကြတော့ ဆိုလိုတာ ဒုက္ခသည်စခန်းအပြင်မှာ
လျှံနေတဲ့ လူထုတွေလည်း ရှိနေတယ်။ နောက်တော့ ကျန်းမာရေး ပညာရေးနဲ့ လူမှုရေးစောင့်ရှောက်မှုတွေက ထိုင်းနိုင်ငံထဲမှာဖြတ်ကျော်
ပြီးတော့ လူနာတွေ ဒီဘက်ကိုလာနေရတယ်ဆိုတာကို သူတို့ ကိုယ်တွေ့ကို
ကျသိသွားတဲ့အခါ အစိုးရတရပ်အနေနဲ့ ဒီကျန်းမာရေးစနစ်နဲ့ ပညာရေးစနစ်
ပြန်လည်ထူထောင်တဲ့အခါမှာ ဒီနယ်စပ်ဒေသရဲ့ ဖွံဖြိုးရေးတွေ ဆောင်ရွက်တဲ့
အခါကြတော့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိုင်းအစိုးရနဲ့ ဆွေးနွေးနိုင်မယ်
လို့ထင်တယ်လေ။”
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ အခုထိုင်းနိုင်ငံခရီးစဉ်အတွင်း အဖွဲ့အစည်း (၁၄) ခုနဲ့တွေ့ဆုံခဲ့ပြီး ပြည်ပရောက် နေတဲ့ ပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေကို ပြည်တွင်းပြန်လာပြီး အစိုးရနဲ့ ပူးပေါင်းလုပ် ဆောင်ဖို့ သမ္မတရဲ့ ညွန်ကြားချက်အတိုင်း ဆွေးနွေးတာဖြစ်ကြောင်း ၀န်ကြီး
ဦးအောင်မင်းက ပြောပါတယ်။
“ကျနော်ဒီတခေါက်လာတဲ့ခရီးစဉ်က ဒီမှာလာပြီး သမ္မတကြီး
ညွန်ကြားချက်ကို လိုက်ပြောတာ ပေါ့ဗျာ။ နိုင်ငံတော်မှာခေတ်ပြောင်းသွားပြီ စနစ်ပြောင်းသွားပြီ။ ဒီမိုကရေစီလမ်းကြောင်းပေါ် တက်နေပြီ၊ အရင်တုန်းက စနစ်ကြောင့်မို့လို့ လုပ်လို့မရတာတွေ အခုလုပ်လို့ရနေပြီ။ ဘာလို့ အပြင်မှာ
သွားလုပ်နေမှာလဲ။ အထဲမှာပူးပေါင်းလုပ်တော့ အားတခုဖြစ်တာပေါ့။ အခုကတော့ ကျနော်က နားလည်အောင်ပြောပြခဲ့တာပေါ့။ ဆုံးဖြတ်တာတော့ သူတို့အပေါ်မှာမူတည်တာပေါ့။ နားလည်မယ်လို့လည်း ထင်တာပေါ့။ အဲတော့ သူတို့ပြန်လာမယ်ဆိုရင် ကျနော် အကူအညီပေး မှာပေါ့။ အဖွဲ့အားလုံး (၁၄)ဖွဲ့လောက်ရှိမှာပေါ့ဗျာ။ အကုန်လုံးကိုတွေ့တယ် ဘာမှကန့်သတ်ချက် မရှိဘူး။”
မယ်တော်ဆေးခန်းအနေနဲ့တော့ ထိုင်း-မြန်မာနယ်စပ်မှာ
ရွှေ့ပြောင်းမြန်မာပြည်သားတွေ ရှိနေသေးသရွှေ့ အဲဒီလူုတွေအတွက် ကျန်းမာရေး၊ ပညာရေး၊ ကလေးတွေရဲ့ မွေးစါရင်း စတဲ့ ကလေးအခွင့်အရေး
ဆိုင်ရာတွေကိုပါ ထိုင်းအစိုးရအပါအ၀င် NGOs အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်နေအုံးမှာဖြစ်ကြောင်း ဒေါက်တာ
စင်သီယာမောင်က ပြောပါတယ်။
No comments:
Post a Comment