ရန်ကုန် စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်းအနီးက ဆိုင်ခန်းပေါင်း ၂၅ ခန်း ပိုင်ရှင်တွေ အနေနဲ့ လာမယ့် မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်ပေးရမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်က အကြောင်းကြား
ထားကြောင်း ဆိုင်ခန်းပိုင်ရှင်တွေက အာအက်ဖ်အေကို ပြောပါတယ်။
စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်းအနီးက စမ်းချောင်း အထက (၁) နဲ့ အမက (၂) စမ်းချောင်း အနီးမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေကို ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဆိုင်ဖွင့်ခွင့်
လိုင်စင် တွေ ပြန်ရုပ်သိမ်းမယ်လို့ အကြောင်းကြားလာတာဖြစ်ကြောင်း သိရပါတယ်။
ဒီဆိုင်ခန်းတွေကို ပိုင်ရှင်အသီးသီးဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက် ကတည်းက အဲဒီအချိန်က ပေါက်ဈေး ကျပ်ငါးသိန်းပတ်ဝန်းကျင်နဲ့ ၀ယ်ထားတဲ့ ဆိုင်ခန်းတွေဖြစ်ကြောင်း သူတို့မှာ စာချုပ်စာတမ်း အပြည့်အစုံရှိကြောင်း ကားပစ္စည်း ရောင်းတဲ့ ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိ ဆိုင်ခန်းပိုင်ရှင် ၂၅ ဦးဟာ အလုပ်သမား ၂၀၀ ကျော်လောက်ကို အလုပ်ပေးထားတာ ဖြစ်တဲ့အတွက် အခုလို ဆိုင်ခန်းပိတ်ရတော့မယ်ဆိုရင် အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတော့မယ်လို့ ပြောပါတယ်။
အခုပိတ်ဖို့ ညွှန်ကြားချက်ဟာ ဆိုင်ခန်းတွေကို အစိုးရက အပြီးသိမ်းလိုက်တာလား၊ လက်ရှိ ပေါက်ဈေးအတိုင်း ဆိုင်ခန်းပိုင်ရှင်တွေကို လျော်ကြေးငွေ ပြန်ပေးမလားဆိုတာလည်း တိတိကျကျ ပြောဆို ညွှန်ကြားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဒီကိစ္စအတွက် ပြန်လည်စဉ်းစားပေးဖို့ ဆိုင်ခန်းပိုင်ရှင်တွေ စုပေါင်းရေးသားထားတဲ့စာကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ထံ အသနားခံစာတင်ထားကြောင်းလည်း သိရပါတယ်။
No comments:
Post a Comment