Friday, 13 April 2012

နာဂ ရုပ်ရှင်ဇာတ်ကားရိုက်မည့် ဒါရိုက်တာ ကြည်ဖြူသျှင်နှင့် တွေ့ဆုံခြင်း


Submitted on 02/25/12
ဒါရိုက်တာ သက်တမ်း ၁၃ နှစ်အတွင်းမှာ ဗီဒီယိုကားပေါင်းများစွာနဲ့  ရုပ်ရှင်ကားကြီး ၇ ကား ရိုက်ခဲ့ပြီးပြီဖြစ်တဲ့ ဒါရိုက်တာကတော့ ကြည်ဖြူသျှင်ပါပဲ။  သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတိုင်းမှာလည်း ပါဝင်တဲ့ သရုပ်ဆောင်တွေ အကယ်ဒမီရအောင် ကြိုးစားပေးနိုင်ခဲ့တဲ့ ဒါရိုက်တာ တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ ဒါရိုက်တာ ကြည်ဖြူသျှင်က အခု လပိုင်းတွေမှာတော့ ဗိုလ်ချုပ်ဇာတ်ကား အပြင် သူ့ကို ရိုက်ပေးဖို့ ကမ်းလှမ်းထားတဲ့ နာဂတိုင်းရင်းသား ဇာတ်ကားကိစ္စတွေ အတွက် အချက်အလက်တွေ ရှာဖွေရင်း အလုပ်ရှုပ်နေပါတယ်။ ဒီလို အလုပ်ရှုပ်နေတဲ့ ကြားထဲကပဲ ဒါရိုက်တာ ကြည်ဖြူသျှင်ကို အင်တာဗျူး ဖြစ်ခဲ့ပါသေးတယ်။ အခုလပိုင်းတွေမှာ  အစ်မရဲ့ ဇာတ်ကား ရိုက်ကူးမှုတွေကို သိပ်မတွေ့ရဘူး။ ဗိုလ်ချုပ်ဇာတ်ကားအတွက် အစ်မရဲ့ ရိုက်ကူးမှုတွေကို ခဏ နားထားတာလား။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လကို ကားရိုက်နားထားတယ်။ သုံးလပိုင်းမှာ အစ်မ ထုတ်လုပ်ရေးအတွက် ဗီဒီယို တစ်ကားရိုက်မယ်။ ဒီနှစ်ထဲမှာ တစ်နှစ်လုံး ဇာတ်ကားမရိုက်တော့ဘူးလို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် အစ်မ ထုတ်လုပ်ရေးက ဇာတ်ကား လုံးဝ ပျက်သွားမှာလေ။ ဒါကြောင့် အစ်မ ထုတ်လုပ်ရေး အတွက်တော့ ရိုက်မယ်။ ဒါတောင် တစ်နှစ်လုံးစာအတွက် ဗီဒီယို ၃ ကားပဲ တည်ထားတယ်။ ဗိုလ်ချုပ်ဇာတ်ကားအတွက် အာရုံ အပြည့်စိုက်ချင်တာကြောင့်လည်း ပါတယ်။ ဗုဒ္ဓဂယာ ဘုရားဖူးထွက်မယ်လို့လည်း ကြားတယ်။ အစ်မအနေနဲ့ ဘုရားဖူးထွက်ရင်း ဗုဒ္ဓဂယာမှာ  ဇာတ်ကားရိုက်ကူးဖို့ အတွက်လည်း လေ့လာဖြစ်ခဲ့မယ်ထင်တယ်။ ဗုဒ္ဓဂယာကို မိသားစုလိုက် သွားမှာပါ။ အရင်က ဗုဒ္ဓဂယာကို တစ်ခေါက် ရောက်ဖူးတယ်။ ဗုဒ္ဓဂယာမှာလည်း ကားသွားရိုက်ချင်တဲ့စိတ် ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဂယာနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား မရိုက်ဖူးသေးဘူးလေ။ အရင်တစ်ခေါက် သွားတုန်းကတော့ ဘုရားဖူးရုံ သတ်သတ်ပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ဘုရားလည်းဖူးရင်း ဇာတ်ကားရိုက်မယ်ဆိုရင် ဘယ်လို ရိုက်လို့ရမလဲ။ ဘယ်လိုကေးရှင်းတွေ ကောင်းမလဲဆိုတာတွေကို ဘုရားလည်းဖူးရင်း တစ်ဖက်က ကိုယ့်အလုပ်အတွက်လည်း ကြည့်ရင်း လုပ်ဖြစ်သွားမယ်။ ဗုဒ္ဓဂယာကို ၃ လပိုင်း ၁၂ ရက်နေ့ သွားပြီး ၂၃ ရက်နေ့ ပြန်လာမယ်။ အစ်မရိုက်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေက အနုပညာ တန်ဖိုးကိုပဲ အဓိကထားပြီး ရိုက်ထားတဲ့ ကားတွေ ဖြစ်နေတာ တွေ့ရတယ်။ ရုပ်ရှင် လောကမှာက အနုပညာကျန်ရင် ငွေကြေး အမြတ်မကျန်တာများတယ်။ ဒါကြောင့် အစ်မ အနေနဲ့ ငွေကြေးအမြတ်ကော ကျန်ခဲ့ရဲ့လား။ အစ်မက ဂန္ထဝင်ဆန်တဲ့ ဇာတ်ကားမျိုး ရိုက်ရတာ ဝါသနာပါတယ်။ ဒါကို အစ်မရဲ့ မိသားစုကလည်း အပြည့်အဝ လုပ်ခွင့်ပေးတယ်။ အစ်မ ရာဇဝင်ကား ရိုက်မယ်ဆိုတော့ ဖေဖေက ရိုက်လို့ပြောတယ်။ ကုန်ချင်သလောက်ကုန် ဆိုပြီးတော့ အားပေးတယ်။ 'မိုးညအိပ်မက်မြူ' ရိုက်မယ်ဆိုတော့လည်း ရိုက်ပေါ့လို့ အားပေးတယ်။ အစ်မရဲ့ မိသားစုက တားမြစ်တာတို့၊ ကန့်ကွက်တာတို့ မရှိဘူး။ ဒရာမာရိုက်လို့  ပိုက်ဆံမရဘူးဆိုတာ သိတယ်။ သိသိကြီးနဲ့ ရိုက်ခွင့်ပေးခဲ့တာ။ ဒါကြောင့် အစ်မရဲ့ မိသားစု ပံ့ပိုးမှုကြောင့် လုပ်ချင်တာ လုပ်ခွင့်ရခဲ့တာပါ။ အစ်မ အနေနဲ့ကလည်း အနုပညာပိုင်း အနေနဲ့ အပြည့် ကြိုးစားပေးတယ်။ ဒါပေမဲ့  တစ်ဖက်က ငွေရေးကြေးရေး ဆုံးရှုံးမှုတွေကတော့ ခံရတာပေါ့။ နာဂ အဖွဲ့အစည်းက အစ်မကို သူတို့ရဲ့ နာဂဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတယ်လို့ ကြားတယ်။ ဒီဇာတ်ကားကို ဘယ်တော့ စရိုက်ဖို့ စီစဉ်ထားလဲ။ နောက် နာဂ မင်းသား၊ မင်းသမီးတွေနဲ့ပဲ ရိုက်မှာလား။ နာဂ အဖွဲ့အစည်းက ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းထားပါတယ်။ နာဂကားရိုက်ဖို့ အတွက်ပေါ့။ သူတို့ကတော့ ဒီနှစ်ထဲမှာ ရိုက်ချင်တယ်။ ဒါပေမဲ့ အစ်မအနေနဲ့က ဗိုလ်ချုပ်ဇာတ်ကားကြီး ရိုက်ဖို့အတွက် ပြင်ဆင်နေရတာကြောင့် ၂၀၁၄ မှာ ရိုက်ခွင့်ပြုပါလို့ တောင်းဆိုထားတယ်။ အခုအချိန်မှာတော့ နာဂကားရိုက်ဖို့ အတွက် အချက်အလက်တွေ စုနေပါပြီ။ ဖြစ်နိုင်ရင် နာဂ Land က မင်းသားကို လိုချင်တယ်။ နောက် နာဂ Hill က မင်းသမီးကို လိုချင်တယ်၊၊ ဗမာမင်းသား၊ မင်းသမီးတွေလည်းပါမယ်။ နှစ်တွဲပေါ့။ နာဂရုပ်ရှင်ကား ရိုက်တဲ့အခါ နာဂ တိုင်းရင်းသားတွေရဲ့ ဘယ်အချက်တွေကို အဓိကထားပြီး ရိုက်ပြမှာလဲ။ အစ်မ ရိုက်ချင်တာက အစ်မရဲ့ ဇာတ်ကားမှာ နာဂ Land လည်းပါမယ်။ နာဂ Hill လည်း ပါမယ်။ နာဂဟာ တစ်မျိုးတည်းပဲ ရှိတယ်။ ဒီတစ်မျိုးတည်းက ဘယ်ကလာတာလဲ။ အစ်မတို့ မြန်မာပြည်က လာတာပဲလေ။  လူတွေက နာဂတောင်တန်းကိုပဲ သိကြတယ်။ တကယ်တော့ နာဂမှာ နာဂတောင်တန်း ဆိုတာလည်း ရှိတယ်။ နာဂ Land ဆိုတာလည်း ရှိတယ်။ နာဂ Land က အိန္ဒိယထဲမှာ ရောက်နေတယ်။ အိန္ဒိယပိုင် ဖြစ်နေတယ်။  တကယ်တမ်းကျတော့ နာဂ Hill ရော၊ နာဂ Land ရောက အစ်မတို့ မြန်မာ တိုင်းရင်းသားတွေ ပိုင်တဲ့ အရာပဲလေ။ နာဂဆိုတာ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေပါပဲ။ ဘာကြောင့် နာဂ Land က အိန္ဒိယထဲ ရောက်သွားလဲဆိုတော့ တစ်ချိန်က အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့တုန်းက အင်္ဂလိပ်တွေက အိန္ဒိယနဲ့ ဗမာကို တွဲအုပ်ချုပ်လိုက်တယ်။ နောက်ဆုံး အိန္ဒိယနဲ့ မြန်မာပြည်ကို ခွဲပေးပါလို့ တောင်းဆိုတဲ့အခါ ခွဲလိုက်တဲ့အခါမှာ နာဂ တစ်ခြမ်းက အိန္ဒိယထဲ ရောက်သွားတယ်။ တစ်ခြမ်းက မြန်မာနိုင်ငံထဲ ရောက်သွားတယ်။ အဲဒါကိုလည်း ကမ္ဘာကို သိစေချင်တယ်။ ဒီအတွက်ကြောင့်လည်း ဒီရုပ်ရှင်ကားကြီး ရိုက်မှာပါ။ ဒီနာဂ ရုပ်ရှင်ကားကို ရိုက်ဖို့ ဘာကြောင့် ၂၀၁၄ ထိ ရွှေ့လိုက်ရတာလဲ။ အစ်မမှာ အကြောင်းပြချက် ရှိမယ်ထင်တယ်။ ၂၀၁၄ မှ ဘာကြောင့် ရိုက်ခိုင်းလဲဆိုတော့ ဗိုလ်ချုပ်ကားရိုက်တဲ့အခါ နိုင်ငံခြား အကူအညီတွေ အများကြီး လာမယ်လေ။ နိုင်ငံခြားက ဒါရိုက်တာတွေ၊ ကင်မရာတွေ လာမယ်။ အဲဒီတော့ ဒီကားကြီး ပြီးသွားရင် ပညာရပ် ဆိုင်ရာတွေ နဂိုထက် ပိုမြင့်လာမယ်လို့ အစ်မ ယုံကြည်တယ်။ အစ်မတို့ အနေနဲ့လည်း အမြင်ကျယ်လာမယ်။ ဒီလို အမြင်ကျယ်လာတာနဲ့ အမျှ နာဂ ကားရိုက်တဲ့အခါ  ဒီအမြင်တွေနဲ့ ရိုက်မယ်ဆိုရင် အစ်မ ရိုက်လိုက်ရလည်း ပိုပြီးတော့ ပြောင်မြောက်လိမ့်မယ်လို့ ထင်တယ်။ နာဂဆိုတာ ကမ္ဘာက တအား စိတ်ဝင်စားတဲ့ လူမျိုးပါ။ ဒီဇာတ်ကားကို ကမ္ဘာဖြန့်ဖို့အထိ ရိုက်မှာပါ။ အင်္ဂလိပ်စာတန်း ထိုးမှာပါ။ ရိုက်မှာကတော့ နာဂ အဖွဲ့အစည်းကနေ ငွေကြေးထုတ်ပြီး ရိုက်မှာပါ။ အစ်မကတော့ ဒီနာဂဇာတ်ကား ပြီးသွားရင်လည်း တခြား တိုင်းရင်းသားတွေ တစ်ခုပြီး တစ်ခု ရိုက်သွားဦးမှာပါ။ ၂၀၀၉ အကယ်ဒမီတုန်းက 'မိုးညအိပ်မက်မြူ' ဇာတ်ကားနဲ့ အစ်မ အကယ်ဒမီ ရသင့်ခဲ့ပေမယ့် လွဲခဲ့ရတယ်။ ကိုယ်အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် လွဲခဲ့ရတဲ့ ဇာတ်ကား ဖန်တီးသူ ဒါရိုက်တာတွေရဲ့ ခံစားချက်ကို သိချင်ပါတယ်။ အစ်မတို့ ဒါရိုက်တာတွေက ပထမအဆင့် ပရိသတ်အတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြတယ်။ ဒုတိယအဆင့် အနေနဲ့  အကယ်ဒမီဆိုတဲ့ Target ကို ရအောင် ကြိုးစားကြတယ်။ ပရိုဂျူဆာကလည်း ပရိုဂျူဆာ၊  ဒါရိုက်တာကလည်း  ဒါရိုက်တာဆိုတော့ အစ်မရဲ့ ခံစားမှုကတော့ ပိုကြီးတာပေါ့။ ဒါပေမဲ့ အစ်မကတော့ အဲဒီကိစ္စကို မေ့လိုက်ပြီ။ ငါနောက်ထပ် ဘယ်လို ကြိုးစားမလဲပေါ့။ ပြီးပြီးသား ကိစ္စကြီးကို ပြန်ပြီး တူးဆွပြီး မခံစားချင်တော့ဘူး။ ကိုယ့်ရဲ့ ကြိုးစားမှုကတော့ တစ်ချိန်ချိန်မှာတော့ အသိအမှတ် ပြုခံရမှာပါပဲ။ အစ်မတို့ ဖန်တီးသူကတော့ ကိုယ်ဖန်တီးတဲ့အရာ အောင်မြင်သွားရင် ကျေနပ်တာပဲလေ။

No comments:

Post a Comment