Friday, 13 April 2012

စိတ်ဝင်စားဖွယ် ဓလေ့ထုံးတမ်းတွေနဲ့ ဆက်စပ်နေတဲ့ ချင်းတိုင်းရင်းသားအထည်များ


ဇွန်ပန်းပွင့်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
News Pic
မျိုးနွယ်အလိုက်ကွဲပြားတဲ့ ချင်းထည်များကို 'ရိုးရာမေ' တိုင်းရင်းသားအထည်အလိပ်ဆိုင်တွင် တွေ့ရစဉ်။
ဓာတ်ပုံ - ဆိုင်းမိုင်
ချင်းတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအရ အသစ် စက်စက် အိမ် ထောင်ပြုလိုက်တဲ့၊ ချင်းအမျိုးသမီးတစ်ယောက်ဟာ၊ စောင်ခပ်ကြီးကြီး တစ်ထည်ကို ရက်လုပ်ရပါတယ်။ အဓိပ္ပာယ်ကတော့ အဲဒီစောင်ကိုသူနဲ့ သူ့ခင်ပွန်းတို့ ကွယ်လွန်တဲ့ အခါ သူတို့ ခန္ဓာကိုယ်ပေါ်မှာ ဖုံး အုပ်ဖို့ တဲ့။ တကယ်လို့ များစုံတွဲ ထဲက တစ်ယောက်သော သူ အရင် ဆုံးပါးသွားခဲ့ ရင် အိမ်ထောင်ဦးက ရက်လုပ် ခဲ့တဲ့ အဲဒီစောင်ကို တစ်ပိုင်းပိုင်း ဖုံးအုပ် ပေးပြီး ကျန်တဲ့ တစ်ပိုင်းကိုတော့ နောက်တစ်ဦး ကွယ်လွန်တဲ့ အခါ ဖုံး အုပ်ဖို့ သိမ်းဆည်းထားသတဲ့။
"ချင်းတိုင်းရင်းသားတွေက တစ်ချိန်ချိန်မှာ သူတို့ဝိညာဉ်တွေပြန်ပေါင်း နိုင်မယ်လို့ ယုံကြည်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ပါ" လို့ ချင်းတိုင်းရင်းသား တွေ ရဲ့ အ၀တ်အထည်နဲ့ ပတ်သက်တဲ့ ဓလေ့ထုံးတမ်း တစ်ခုကို ချင်း ပြည်နယ်၊ တီးတိန်မြို့၊ ဟုတ်လိုင်ရွာ ဇာတိဖြစ်သူ ချင်းအမျိုးသမီးကြီး ဒေါ်ခွန်းရွှေက ပြောပြပါတယ်။ခုတော့ သူက ရန်ကုန်မြို့မှာ နေထိုင်ပြီးဗိုလ်ချုပ်အောင်ဆန်းဈေးကြီးထဲမှာ 'ရိုးရာမေ'အမည်နဲ့ တိုင်းရင်း သားရိုးရာအထည်အလိပ်ဆိုင်ဖွင့်လှစ်ထားသူပါ။
ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာအထည်အလိပ်တွေဟာ ရက်လုပ်ပုံ ထူးခြားသလို တစ်မျိုးစီတိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဓလေ့ ထုံးတမ်းတွေနဲ့ ဆက်စပ်နေတာပါ။
"ခုနောက်ပိုင်းမျိုးဆက်တွေကတော့သူတို့ ဘိုးဘွားတွေလောက်သိပ်အယူ မသီးတော့ဘူးပဲ ပြောရမလား။ အရင်တုန်းက တစ်ယောက် သုံးပြီးလို့ ကျန်တဲ့ ဖြတ်စကို ဘယ်လောက် ပေးပေးမရောင်းဘူး။ အခုကျတော့ ငွေကြေး ကျပ်တည်း ရင် အထည်အလိပ်လေးကို နှစ် ယောက်စလုံး မကွယ်လွန်သေးဘူးဆိုရင်လည်းလာရောင်းကြတယ်။ ဒါကြောင့် အဲဒီလို ရှေးခေတ်အထည်တွေ ၀ယ်စုထားပြီး ဆိုင်ဖွင့် မယ်လို့စိတ်ကူးရတာ"လို့၊၂၀၀၃ မှာရိုးရာမေကို စတင်ဖွင့်လှစ်ခဲ့တဲ့ ဒေါ်ခွန်းရွှေကဆိုပါတယ်။ အဲဒီမတိုင်ခင်ကတော့ သူ့ဆိုင်မှာလက်ရှိ ခေတ်နဲ့အညီ ရက်လုပ်ထားတဲ့ ဒီဇိုင်းသစ် ချင်းထည်တွေကိုပဲ အဓိကထားပြီး ရောင်းချခဲ့တယ်လို့ သိရပါတယ်။
လက်ရှိရိုးရာမေမှာ သဘာဝသစ်ရွက်၊ သစ်မြစ်ကရတဲ့ဆိုးဆေးတွေ ဆိုးထားပြီး အနှစ် ၆၀ လောက်ကနေ သက်တမ်း ၁၅၀ လောက်ရှိ တဲ့ ရှေးဒီဇိုင်းအထည်တွေ ရောင်းချနေ သလို ဒီဇိုင်းသစ်ချည်ထည်တွေကို လည်း ရောင်းချတယ်လို့သိရပါတယ်။ ဒါ့ပြင် ကချင်၊ ကရင် နဲ့ နာဂတိုင်းရင်း သားတွေရဲ့ ရိုးရာအထည်အလိပ်တွေအပြင် တခြား တိုင်းရင်းသားတွေရဲ့ ဒေသထွက် လက်မှုပစ္စည်းတွေကို လည်း
တင်သွင်းရောင်းချပါတယ်တဲ့။
"ဟိုးအရင် ဆိုင်မှာ ရှေးခေတ် အထည်အဟောင်းတွေ မရောင်းခင်ကဆို နိုင်ငံခြားသားတွေက သဘာဝဆိုးဆေးသုံးထားတဲ့ ချည်တွေ ကို မေးကြတယ်။ သူတို့က ချင်းတိုင်းရင်းသားတွေသုံးတဲ့ ဓာတုဆိုးဆေးမပါဘဲ သဘာဝသစ်ဥ၊ သစ်ဖုက ရတဲ့ ဆိုးဆေး တွေသုံးထား တဲ့ အထည်တွေကို အရမ်းစိတ်ဝင်စားကြတယ်။ ပထမတော့သူတို့ဘာကြိုက်မှန်း အန်တီကနားမလည်ဘူး။ နောက်တော့မှ သူတို့ပြော တာ ရှေးဒီဇိုင်းအထည်ဟောင်းမှန်း သိခဲ့ရတယ်"လို့ ဒေါ်ခွန်းရွှေက ဆိုပါတယ်။
ချင်းထည်တွေရဲ့ဈေးကွက်က ထိုင်း နိုင်ငံမှာလည်း ရှိတာမို့ ချင်းတိုင်းရင်းသားတွေဟာ ရိုးရာထည်တွေကို သူတို့ ဘိုးစဉ်ဘောင်ဆက် တစ်လျှောက် ထိုင်း နယ်စပ်မှာ သွားရောက်ရောင်းချကြ တယ်လို့ သိရပါတယ်။
"ရှေးဒီဇိုင်း ထည်တွေက ခုဆိုရင် တဖြည်းဖြည်းနည်းလာတာမို့ တန်ဖိုး အရမ်းတက်လာတယ်။ ဒါပေမယ့် ထိုင်းတွေကလည်း ဈေးကို သိပ်ပြီးတိုးမပေး ချင်တော့ဘူး"လို့ ဒေါ်ခွန်းရွှေရဲ့ ခင်ပွန်းဖြစ်သူ မနုဿဗေဒ ပညာရှင် ဦးစင်လန်း မန်က ရှေးခေတ် အထည်တွေရဲ့ လက်ရှိဈေးကွက်ကို သုံးသပ်ပြောပြပါတယ်။
ချင်းတိုင်းရင်းသားတစ်ခုတည်းမှာပဲ မျိုးနွယ်ပေါင်း ၅၀ရှိပြီး မျိုးနွယ်စုအလိုက် ဟိုးဘိုးဘွားဘီဘင်ကနေအမွေဆက်ခံလာတဲ့ အထည် တွေက လည်း မျိုးနွယ်အလိုက်ကွဲပြားတယ်လို့ သိရပါတယ်။
"ဥပမာ- ယောက်ျားလေးက သတို့ သမီးဘက်ကို မောင်း၊ လှံ၊ သနပ်၊ နွား၊ ကျွဲ၊ နွားနောက် တို့နဲ့ တင်တောင်းတယ်။ နွားနောက် တစ် ကောင်ကို စောင်တစ်ထည်နဲ့ညီတယ်ဆိုပြီး သတို့သမီးမိခင်က စောင်တစ်ထည် ပြန်ပေးရတယ်။
အဲဒီရိုးရာရှိတယ်။ အဲဒါကြောင့် သမီး များများရှိတဲ့မိခင်က ကိုယ့်သမီးယောက်ျားရရင် မျက်နှာမငယ်ရအောင် အထည်များများ ခတ်ရ တယ်။ သမီးလေးကို မျက်နှာပန်းလှအောင် လက်ဖွဲ့ ပေးလိုက်တဲ့ပုံမျိုးပါ"လို့ ချင်းရိုးရာ အထည်နဲ့ပတ်သက်ပြီး ရှင်းပြပါသေးတယ်။
ချင်းအမျိုးသမီးတွေဟာ အပျိုဖော်မ၀င်ခင် သူတို့ရိုးရာဝတ်စုံစစ်စစ်ကို ၀တ်ဆင်ခွင့်မရှိသလို အပျိုဖော်ဝင်လာလို့ ရိုးရာဝတ်စုံဆင်မြန်း ပြီဆိုရင်တော့ အဲဒီမိန်းကလေး အရွယ်ရောက်ပါပြီ၊ အိမ်ထောင်ပြုလို့ရပါပြီ၊ လူပျိုတွေ ပိုးပန်းလို့ ရပြီဆိုတဲ့ အဓိပ္ပာယ်ရတယ်လို့ သိရ တယ်။
"ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင် တိုင်းရင်းသားတွေမှာ တော်တော်များများ မရှိတော့ဘူး။ ယဉ်ကျေးမှုအခမ်းအနားတွေ မရှိ တော့ဘူး။ ကျွန်တော် တောင်ပေါ် ရောက်တော့ နင်တို့တွေ ရိုးရာဝတ်စုံတွေ မ၀တ်ဘူးလားလို့မေးတော့ ခုခေတ်မှာ ဘာမှပွဲတက် စရာ မရှိတော့ဘူးလို့ပြန်ပြောတယ်။ ရိုးရာပွဲတွေမရှိတော့အထည်တွေ ရောင်းစားလိုက်ကြတယ်"လို့ နှောင်းပိုင်းတိုင်းရင်းသားတွေ ရိုးရာအထည်တွေကို ယခင်ကလောက်မထိန်းသိမ်းဖြစ်တော့ပုံကို ဦးစင်လန်းမန်က ကွယ်ပျောက်လုဖြစ်တဲ့ ယဉ်ကျေးမှုနဲ့ယှဉ်ထိုးပြော ပြပါတယ်။
"ရိုးရာ အခမ်းအနားတွေထဲမှာ မင်္ဂလာဆောင် အခမ်းအနားတစ်ခုပဲ ကျန်တော့တယ်။ မင်္ဂလာဆောင်ရင် တောင် ရိုးရာဝတ်စုံနဲ့ သိပ်မ ဆောင်ချင် ကျတော့ဘူး။ ဟိုးဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာတောင် သိပ်မ၀တ်ကြတော့ဘူး။" ဘယ်လိုပဲထုံးထမ်းဓလေ့တွေ ကျင့်
သုံးမှုနည်းပါလာပါစေ။ အမျိုးကိုချစ်တဲ့ ဒေါ်ခွန်းရွှေကတော့ သူတို့ရိုးရာရက် ကန်းခတ်နည်းလုံးဝမပျောက်ကွယ်သွားအောင် အတတ် နိုင်ဆုံးကြိုးပမ်း သွားမယ်လို့ ဆိုတယ်။ ဒါကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊၊ ရခိုင်ပြည်နယ် မြောက်ဘက်ဆုံး အပိုင်းတွေမှာ နေထိုင်
တဲ့ ချင်းအမျိုးသမီးလေးတွေကို အထည်အလိပ်တွေ ရက်လုပ်စေပါတယ်တဲ့။
"ကိုယ်ကလည်း နယ်စွန်နယ်ဖျားမှာနေတဲ့ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူတွေကိုအလုပ်ပေးနိုင်တာ ဒီဟာပဲရှိတာကိုး။ သူတို့ကိုချည် ၀ယ်ပေးတယ်။လက်ခပေးတယ်။ သူတို့ကခတ်ပေးတယ်။ ၀င်ငွေရလမ်းမရှိရင် တချို့က ရန်ကုန်မှာလာပြီး အလုပ်လုပ်တာတို့နယ်စပ် မှာသွားပြီး အလုပ်လုပ်တာတို့ အရက်ပြန်ချက်တာတို့။ ဒါကြောင့် သူတို့ကို ပုံမှန်အလုပ်လေးပေးထား တာ။ သူတို့အတွက်လည်း ပုံမှန် ၀င်ငွေ ရတဲ့အပြင် ရက်ကန်းပညာလည်း မပျောက်ပျက်တော့ဘူးပေါ့" လို့ ဒေါ်ခွန်းရွှေက ဆိုလေရဲ့။
ဇနီးသည်နဲ့ တစ်သဘောတည်းဖြစ်တဲ့ ဦးစင်လန်းမန်း ကလည်း "အခုချိန်မှာ လူငယ်တွေက ရက်ကန်း မခတ်ချင်ကြတော့ ဘူးလေ။ ချင်းတောင်ကို သွား ကြည့်ရင် အဘွားကြီးတွေချည်းပဲ ခတ်နေကြတယ်။ ဒါကြောင့် လူငယ်တွေကိုစည်းရုံးတယ်။သူတို့လည်းဝင်ငွေရ
မယ်။ နည်းပညာကိုလည်း ထိန်းသိမ်း ထားသလိုဖြစ်မယ်"လို့ ဆိုပါတယ်။
ဦးစင်လန်းမန်းဟာ အထည်အလိပ် နဲ့ပတ်သက်ပြီး ပီအိတ်ခ်ျဒီဘွဲ့ ရယူနိုင်ဖို့လေ့လာပြင်ဆင်နေသူပီပီ သူ့ရိုးရာ ချင်းထည်တွေအပြင် တခြားတိုင်းရင်း သားတွေရဲ့အထည်တွေကိုလည် စိတ် ၀င်တစားနဲ့ လေ့လာနေသူပါ။
"ကရင်ထည်တွေဆိုလည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ ကြိပ်စေ့ (Job's tears) လို့ခေါ်တဲ့ သဘာဝမြက် ရိုင်းပင်တစ်မျိုးကရ တဲ့အစေ့နဲ့ထိုးထားတဲ့အတွက်ကြောင့် ကရင်အထည်တွေကို လူတွေပိုပြီးစိတ်ဝင်စားကြတယ်။ ကျွန်တော့ဆီမှာနှစ် ၁၅၀ လောက်က နာဂ၊ကရင်၊ချင်းနဲ့ကချင်ထည်တွေကို ယဉ်ကျေးမှုအနေနဲ့ ထိန်းသိမ်းထားတယ်။ ရောင်းလည်းမရောင်းဘူး။ အဲဒါတွေက ကျွန်တော် တို့ရဲ့ တကယ့်ရှေးဟောင်းအမွေအနှစ်တွေ။ တစ်ချိန်ချိန်ကျလို့ Textile museum တစ်ခုဖြစ်လာရင်တော့ အဲဒီပြတိုက်ကို လှူမယ်လို့ စိတ်ကူးထားပါတယ်" လို့ ဦးစင်လန်းမန်က ပြောပြပါတယ်။
တိုင်းရင်းသားရိုးရာ အထည်အလိပ်တွေထဲမှာ နိုင်ငံခြားသားတွေ စိတ်ဝင်စားမှုအရှိဆုံးနဲ့ ရောင်းအား အကောင်းဆုံးကတော့ တခြား အထည်အလိပ် တွေထက် နာဂတိုင်းရင်းသားတွေ အမဲလိုက်ပုံကိုရက်လုပ်ထားတဲ့ နာဂအထည်အလိပ်တွေပါလို့ သူကလေ့လာထား တာကို ပြောပါတယ်။
"၂၀၀၃မှာထွက်တဲ့ Aglaja Stirnနဲ့ Peter Van Ham ရေးတဲ့The Hidden World of Naga၊ J D Saul ရဲ့Naga of Burma (၂၀၀၅)
နဲ့Julian Jacobs ရဲ့ The Nagas စတဲ့ နာဂ တွေ အကြောင်းရေးသားထားတဲ့ စာအုပ်သုံးအုပ် ထွက်လိုက်တော့ နာဂ တိုင်းရင်းသား အကြောင်း လူပိုသိလာပြီး နာဂက နာမည်ပိုကြီးလာတယ်။ အထည်ကလည်း သူ့ရဲ့ပက်တမ်တွေက ပါဝါပိုရှိတယ်။လှတယ်။ ချင်းက
အနုစိတ်လွန်းတယ်။ အားမရှိဘူး။
နာဂက ပိုပြီးပါဝါရှိတယ်။ ပြီးတော့သူ့မှာလည်ဆွဲ၊ ဦးထုပ်စတဲ့အသုံးအဆောင်ပစ္စည်းတွေကလည်း တခြားတိုင်းရင်းသားတွေထက်ပို များတယ်"လို့ဆိုတယ်။ ဗိုလ်ချုပ်အောင်ဆန်းဈေးထဲမှာပဲ ဖွင့်လှစ်ထားတဲ့ ဂုဏ်ဝင့်သူတိုင်းရင်း သားရိုးရာအထည်ဆိုင်မှ မချိုဝင်းမော်
ကလည်း နာဂအသုံးအဆောင်ပစ္စည်း တွေနဲ့ပတ်သက်လို့" နာဂပစ္စည်းတွေက နောက်ပိုင်း ကြိုက်တဲ့သူများတာမို့ ဈေးအရမ်းကြီးလာ တယ်။ စုဆောင်းတဲ့ သူတွေလည်းရှိတော့ ပစ္စည်းတွေလည်း သိပ်မရနိုင်တော့ဘူး။ အလုအယက် ၀ယ်ရတာကြောင့် ပစ္စည်း ရှားလာ တယ်"လို့ပြောပြရင်း လက်ရှိဈေးကွက်ထဲမှာတွေ့နေရတဲ့ နာဂအထည်အသစ်တွေကို ရက်လုပ်သူတွေက ချင်းတောင်က ချင်းလူမျိုး တွေလို့ ရှင်းပြပါတယ်။
"နာဂအထည်တွေက ထူလွန်းတယ်။
ဒါကြောင့်ချည်စစ်စစ်နဲ့ရက်ထားတဲ့အထည်တွေကိုချင်းတွေက နာဂဒီဇိုင်းအတိုင်းပြန်ရက်လုပ်ကြပြီး စားပွဲခင်းစသဖြင့်ဖြတ်တောက် အသုံးပြုကြတယ်"လို့ မချိုဝင်းမော်က ပြောပါတယ်။

No comments:

Post a Comment