တစ်လိပ်ပြီးတစ်လိပ် ညို့တက်လာတဲ့ဒါဏ်ရာကိုမြင်တော့မှ
မိုးကလည်း တဖွဲဖွဲစွတ်ဖို့ သတိရလာ
မော့ကြည့်မိရာ မျက်တောင်ဖျားလေးလည်း
အုံ့မှိုင်းဆို့နင့် အရပ်ရှစ်ခွင့်ကိုသာ
မျှော်လင့်ခြင်းတွေ အတိုင်းအဆမဲ့ ပစ်တင်နေမိ
သတိရခွင့်ဆိုတာ အားလုံးပိုင်တဲ့ ဆုလာဘ်ပဲကွယ်။
ချစ်တတ်တဲ့ စိတ်ဟာ ဦးနှောက်ထဲက Chemical တစ်ခုနဲ့ ဆိုင်တယ်
တခုခုဆိုရင်
အဲဒါမြေဟာ ဖြစ်ထွန်းလွယ်
ရာသီမရွေး သီးလွယ် ပွင့်လွယ်ဆိုတော့
ကိုယ့်မှာလေ
ရိုးရိုးလေး ရင်ကွဲနာကို
တနင့်တပိုးသာ ဆပွားနေမိ…။
တခါတလေတော့ ချစ်သူရယ်
ညိုနေတဲ့ ကောင်းကင်ကိုကြည့်ပြီး
ကိုယ့်စိတ်ကလေးဟာ နင့်ရှိရာကို လှမ်းလှမ်းပြို
ကိုယ့်အရိပ်ကလေးဟာလည်း နင်ရှိရာကို လှမ်းလှမ်းခို
အရင်လို နှစ်ကိုယ့်တစ်စိတ်လေး
နင့်ဖ၀ါးထဲကို လက်သိပ်ထိုးလိုက်ချင်နဲ့
ဖြစ်နိုင်သေးမယ်ဆိုရင်ပေါ့လေ……
ပြန်လည်ခေါ်ဆိုခွင့်မရှိတော့တဲ့ နံပါတ်အချို့
ပြန်လည် မွှေးပျံခြင်းမရှိတော့မယ့် နှင်းဆီတစ်စီးလောက်သာ
ကိုယ့်စိတ်ကလေးကို တည်ငြိမ်ခွင့်ရှိလိုက်ချင်
ဒါရိုက်တာ ဘယ်လိုချိုးမယ်မှန်းမသိတဲ့ဇာတ်ထုတ်ဟာ
ထွေးပွေ့ယူရလည်း ခက်
တွေးယူရလည်း ခက်
ဒါ…. ၀ဋ်နာ ကံနာ ဆိုတာများလား….။
တနေ့နေ့မှာ ဝေးရမယ်
သေကွဲလား
ရှင်ကွဲရယ်လား
တကယ်တော့လည်း ကိုယ်တို့ဟာ
ဖန်ခွက်ကလေးတစ်လုံးလိုသာ ကွဲကြေသွားခဲ့ရ
တူနှစ်ကိုယ် ခမျာလည်း အတိအလင်းကို ဝေးကွာသွားရ
ဖြစ်တည်မှုက မှားယွင်းလေသလား
ဖြစ်ပျက်မှုက တိမ်းစောင့်လေသလား
ကိုယ့်တို့ဟာ နေရာမှားပြီး ပွင့်လန်းခဲ့ကြပြီပဲ……။
နာရီတွေ နေ့ရွှေ့ လရွှေ့နဲ့
ကိုယ့်ကတော့လေ
နင့်သတိတရလေးနဲ့ နွေဆိုလည်း နွေမို့
ဆောင်းဆိုလည်း ဆောင်းမို့
ကိုယ့်ကဗျာမှာ တစ်လုံးတည်းသောနာမလေး ဌာန်ကရိုဏ်းကျကျ
ကိုယ့်ရပ်တည်ရာကို ဖွင့်လိုက်ပြလိုက်ချင်
တစ်ယောက်တည်းရှိနေချိန်မှာ
သူရယ်…….ကဝေတစ်ယောက်လို ပူးဝင်လှည့်တော့ကွယ်…။
‘ကိုယ်မျက်ရည်ကျတော့ သူ့မှာ ပူလောင်ရသတဲ့’
မကြာ မကြာပြန်မျိုချလိုက်မိပါတယ်
အရှိုက်ထိရွှေ့ပါးသွားတဲ့ငွေ့ရည်တွေနဲ့
ကိုယ့်ရင်မှာ..ယုယုယယ ပိုက်ထွေးမိတဲ့ ဒါဏ်ရာတွေနဲ့
ကိုယ့် ပရိဒေ၀ ကို
ခဏတာလောက် ကောက်ယူမွေးစားကြည့်စေချင်တယ်
တစ်ခါက
ချစ်သူလက်ပေါ် ငုပ်လျှိုးသွားတဲ့နေရောင်
ချစ်သူ ပုခုံးပေါ် ကြွေသွားတဲ့ ကြယ်တွေနဲ့
အခုဆို
ကိုယ့် ဒိုင်ယာရီမှာလည်း ညို့မှိုင်းဆွေးလျ
ရွှေ့လျားရခက်တဲ့ ကာလ ဒေသဆိုတော့လည်း
ခေါင်းပေါ်ကနေ ကျော်သွားတဲ့ မုတ်သုန်ကိုသာ
မရေမရာ နာကျည်းနေမိ………….
ကြီးရင့်ခဲ့ရပါပြီ
ချစ်တတ်တဲ့ စိတ်ကလေးရယ်
ကိုယ့်….မြတ်နိုးရခြင်းများရယ်
အခုရွာနေတဲ့ မိုးလိုပဲ
နင်ရှိလေရာရာမှာ
လတ်ဆတ်ခြင်းတွေနဲ့ ကြည်လင်နေစေတော့။
ကိုယ့်အတွက်တော့
ချစ်ခြင်းတရားဆိုတာ
လက်ကောက်ဝတ်အောက်နားဆီက
သွေးပြန်ကြော ပြတ်ရှတဲ့ ဝေဒနာလို
ထွက်သက် မျှင် မျှင် လေး အထိ
လွမ်းနာဟာ
သွေး ရည် ကြည် ပ မာ
တ စိမ့် စိမ့် စီး ဆင်း………….။
No comments:
Post a Comment