Thursday, 12 April 2012

မြစ်တစ်စင်းရဲ့ အကိုင်းအခက်များ



တစ်ယောက်က လေပြည်လေးဆိုရင်
ကျန်သူတွေက ပန်းခင်းကြီး
သူငယ်ချင်းဆိုတာ တစ်ယောက်သတင်း တစ်ယောက် သင်းစေတဲ့သူ။
.
တစ်ယောက်က လှိုင်းကြက်ခွပ်ဆိုတော့
ကျန်သူတွေက ပင်လယ်ပြာ
အဲဒါပဲ
သူငယ်ချင်းဆိုတာ ကြားမှာ တလက်မတောင် အကွာအဝေးမရှိတဲ့သူ။
.
လုပ်မိတဲ့အမှားကို ဖုံးကွယ်တာမဟုတ်ဘူး
မမှားရအောင် လက်တွဲကူတာ……….သူငယ်ချင်း။
.
တွင်းထဲကို ခြေကျွံကျ
တွင်းနှုတ်ခမ်းဝကနေဆွဲကူတာ… သူငယ်ချင်း။
.
အားနည်းချက်တွေ မြင်သိ
ကူညီပေးချင်စိတ်က လွဲရင် အခြားအရောင်မရှိသူ…. သူငယ်ချင်း။
.
ပုခုံးပေါ်က သောက
အတူတကွ ပေါ့ပါးစေသူ…. သူငယ်ချင်း။
.
အတွန့်အကောက်မရှိဘဲ တစ်ကြောင်းတည်းစီးတဲ့မြစ်
အဖြူအမည်း အရောင်မကွဲတဲ့ကောင်းကင်
သူငယ်ချင်းဆိုတာ
လောကဓံကို ဖွင့်အန်ထုတ်စရာ အိုးတစ်လုံးလည်း ဖြစ်ရဲ့။
.
“သင်အမှောင်ထဲမှာ ရှိတဲ့အခါ
သင့် သူငယ်ချင်းက လထွက်အောင်လည်း ကူအော်ပေးသတဲ့”
ကလေးကလားဆန်လည်း
စွမ်းသလောက်လေးတော့ ဘေးမှာရပ်နေမယ့်သူဟာ သူငယ်ချင်းတဲ့။
.
ရင်းနှီးသထက် ရင်းနှီးလာတော့ အစအနောက် မကင်းကြ
ခဏ ခဏ ကျီစားကြ
ရန်စတိုင်း အငြိုးအတေး မရှိသူ…. ။
.
အမေမတူ
အဖေကွဲ
မြေပြန့်သူ
တောင်ပေါ်သား၊
မြေလတ်မြို့က ရင်းချာတွေ
ညီရင်းအစ်ကို မောင်ရင်းနှမ
သိပ်ချစ်ကြတဲ့အခါ
နာမည်ရင်းခေါ်ဖို့မေ့
ဘ၀တကွေ့လုံး
သူငယ်ချင်း” ဆိုတဲ့ အသုံးအနှုန်းနဲ့တင်
အဖြူရောင်သွေးတွေ တဒုတ်ဒုတ်မြည်အောင် လှည့်ပတ်တယ်…။

No comments:

Post a Comment